မဘိမ်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့အတွင်း နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိဘဲ ဝင်ထွက်သွားလာသော ပြည်သူများအား အခုဝယ်အခုတပ် စနစ်ဖြင့် ယနေ့ နံနက် ၇ နာရီအချိန်က ကုန်းခါးရပ်ကွက်၊ လမ်းဆုံပန်းခြံ၌ ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ကြပ်မတ်ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်နိုင်နှင့် မြို့နယ်အဆင့် ကော်မတီ ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများအား အပြင်ထွက်သွား လာရာတွင် နှာခေါင်း စည်း Mask များ စနစ်တကျ တပ်ဆင်သွားလာစေရန် အသိပညာပေးကာ နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိဘဲ သွားလာသော ပြည်သူများအား စစ်ဆေး ကာ နှာခေါင်းစည်း(၁)ခု (၂၀၀)ကျပ်ပေးဆောင်စေပြီး နှာခေါင်းစည်းတစ်ခု ပြန်လည်ပေးအပ်၍ တပ်ဆင်သွားလာစေသည်။
မဘိမ်းမြို့အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချူပ်၊ ကုသရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြို့အတွင်း ဝင်/ထွက်သွားလာသည့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအား နေအိမ်အပြင်ထွက် သွားလာတိုင်း နှာခေါင်းစည်း Mask များ စနစ်တကျတပ်ဆင်သွားလာစေရေး အရှိန်အဟုန်မြှင့် စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)