ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ်လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်းအခမ်းအနား ကျင်းပ

မော်လမြိုင်၊ စက်တင်ဘာ ၁၈

ဥပဒေရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်များ၊ တိုင်းဒေသကြီး / ပြည်နယ်ဥပဒေအရာရှိများ၏ တတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအား ထပ်ဆင့်ရှင်းလင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ မွန်ပြည်နယ်ဥပဒေချုုပ် ဦးမြင့်အောင်၊ မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်၊ မွန်ပြည်နယ်အတွင်းရှိ မွန်ပြည်နယ်ဥပဒေချုပ်ရုံး၊ ခရိုင်ဥပဒေရုံးများနှင့် မြို့နယ်ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများ တက်ရောက်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးတို့၏ လမ်းညွှန်မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပြီး မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများကို ထမ်းဆောင်ရာတွင် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူ၍ ဆောင်ရွက်ကြရန်၊ အဂတိတရားကင်းရှင်းစွာဖြင့် ဆောင်ရွက်ကြရန်၊ ဝန်ထမ်များအားလုံး စည်းလုံးညီညွတ်စွာဖြင့် နေထိုင်ကြရန်နှင့် မိမိလုံခြုံရေး၊ မိမိရုံးလုံခြုံရေးတို့ကို အလေးထားကြရန် မှာကြားခဲ့သည်။ ဆက်လက်ပြီး မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်က ဥပဒေရေးရာဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၏ ရှင်းလင်းမှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းခဲ့ပြီး တက်ရောက်လာသော ဥပဒေအရာရှိများက မိမိတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အခက်အခဲများကိုတင်ပြခဲ့ရာ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်ဥပဒေအရာရှိတို့က ညှိနှိုင်းဖြေရှင်းပေးခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)