လဲချားမြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

လဲချား အောက်တိုဘာ ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ထိုးနှံခြင်း အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀)နာရီအချိန် က မြို့နယ် ပြည်သူ့ဆေးရုံ အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးသန်းနိုင်တို့မှ အသီးသီးအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်မောင်နွယ်မှ သားအိမ်ခေါင်းကင်ဆာရောဂါ ဖြစ်ပွားမှုအခြေအနေ၊ ရောဂါလက္ခဏာများ၊ နောက်ဆက်တွဲ ပြဿနာများ၊ အိတ်ချ်ပီဗီ ကာကွယ်ဆေးအကြောင်း သိကောင်းစရာများ၊ ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဉ် စသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အသက် (၉)နှစ်မှ (၁၀)နှစ်ကြား အမျိုးသမီးငယ်များကို အောက်တိုဘာ (၂၀)ရက်နေ့မှ စတင်ထိုးနှံပေးမည်ဖြစ်ပြီး မြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးကို အမျိုးသမီးငယ်ဦးရေ (၇၀၅)ဦးအား ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် စနစ်တကျ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

လွှမ်းသူနောင် (ပြန်/ဆက်)