တာလေ စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီခွဲက လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသည့် ''ကြီးပွားအောင်မြင် အောင်ပန်းကိုဆင်'' စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကြီးပွားအောင်မြင်၍ အတိုးတက်ဆုံးလူဖြစ်လိုပါက ပထမက အတွေးလှဖို့လိုအပ်ကြောင်း၊ ကောင်းတဲ့အတွေး၊ အကောင်းမြင်အတွေး၊ ရွှင်လန်းဝမ်းသာစရာ အတွေး၊ ကိုယ့်ကိုယ်ကိုယ်ယုံကြည်အားကိုးတဲ့ အတွေးတွေးရမှာဖြစ်ကြောင်း၊ အတွေးလှပတာနဲ့ အလိုဆန္ဒဟာလည်း လှပလာမှာဖြစ်ကြောင်း၊ ငါအောင်မြင်အောင်လုပ်မယ်၊ ငါဒီပညာကို ကျွမ်းကျင်ပိုင်နိုင်ရမယ် စသဖြင့် အလိုဆန္ဒပြင်းပြင်းပြပြ ရှိရမှာဖြစ်ကြောင်း၊ အတွေးလှမယ်၊ အလိုဆန္ဒလှမယ်ဆိုရင် အလုပ်ကလည်း လှပလာမှာဖြစ်ကြောင်း၊ အလုပ်လုပ်ရာတွင် တက်ကြွတဲ့စိတ်၊ ရိုးရိုးသားသား ကြိုးကြိုးစားစားလုပ်တတ်တဲ့ စိတ်ဖြင့်လုပ်ပါက အောင်မြင်ကာ အတိုးတက်ဆုံးလူအဆင့် ရောက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များနှင့် လူငယ်အသင်း(Youth Club)အဖွဲ့ဝင်များက စာအုပ်ပါ ကြီးပွားအောင်မြင်ရေး အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ကြပြီး သူ့အမြင်၊ ကိုယ်အမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းကို အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ပေါ်စေရေးနှင့် လူငယ်များအနေဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခြင်းဖြင့် ပြောဆိုဆွေးနွေးသည့် အခွင့်အလမ်းများရရှိစေရေးအတွက် ရည်ရွယ်ကာ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)