မော်လမြိုင်မြို့နယ်တွင် (ဒုတိယအကြိမ်) ကပ်ထားကြေညာသည့် မဲဆန္ဒရှင်စာရင်း လာရောက် ကြည့်ရှုသူ ၁၇၀၀၀ ကျော်ရှိ

မော်လမြိုင် အောက်တိုဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် ဆန္ဒမဲပေးနိုင်ရန်အတွက် (ဒုတိယအကြိမ်) မဲဆန္ဒရှင်ပြည်သူစာရင်းများကို မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကပ်ထားဆောင်ရွက်ထား ရှိရာ မဲဆန္ဒရှင်စာရင်း လာရောက်ကြည့်ရှုသူ ၁၇၀၆၉ ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲထံမှ သိရသည်။

(ဒုတိယအကြိမ်) မဲဆန္ဒရှင်စာရင်းကပ်ထားကြေညာထားမှုတွင် မဲစာရင်း၌ မိမိအမည်မပါရှိ၍ ပုံစံ (၃)ဖြင့် လျှောက်ထားသူ(၄၃၆၁)ဦး၊ မဲစာရင်းတွင် မိမိအမည်နဲ့ အချက်အလက် မှားယွင်းနေ၍ ပုံစံ(၄-ဂ) ဖြင့် ပြင်ဆင်ပေးရန် လျှောက်ထားသူ (၇၉၄) ဦးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေ၍ ပုံစံ(၄) ဖြင့် လျှောက်ထားသူ (၆၀၁) ဦးရှိကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးတွင် မော်လမြိုင်မြို့နယ်၌ ဆန္ဒမဲ ပေးနိုင်ရန် မဲဆန္ဒရှင်စာရင်း နှစ်သိန်း  လေးသောင်းခန့်ရှိပြီး မဲရုံ(၁၁၉)ရုံ လျာထားဆောင်ရွက်ထား ကြောင်းသိရသည်။

ဝေလင်း (မော်လမြိုင်)