မူဆယ် စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် (၂၄)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ် ကျေးမှု အဆို၊အက၊အရေး၊အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ(၁၅)ရက်နေ့ နံနက် (၈:၀၀)နာရီအချိန်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ အ.ထ.က(၃)ကျောင်းသား/သူများမှ “ချယ်ရီပွင့်လေး”သီချင်းဖြင့် အခမ်းအနားစတင် ဖွင့်လှစ်ခဲ့ကာ မူဆယ်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်လင်းက လူငယ်လူရွယ်၊ ကျောင်းသား/သူများကို ယခုကဲ့သို့ အဆို၊အက၊အရေး၊အတီး ဘက်စုံထူးချွန်ထက်မြက်ကြစေရန် မိဘနှင့်ဆရာ/ဆရာမများ လက်တွဲညီညီ ဆောင်ရွက်သွားကြရန် လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြိုင်ပွဲဝင်များက ကဏ္ဍအလိုက် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။
အဆိုပါ ခရိုင်အဆင့် ဆုရရှိသူများအနေဖြင့် စက်တင်ဘာ(၂၈)ရက်နှင့်(၂၉)ရက်နေ့တို့တွင် တောင်ကြီးမြို့၌ ပြည်နယ်အဆင့် ဆက်လက်ယှဉ်ပြိုင်သွားရမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)