ကျိုက်မရောမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)စတင်ထိုးနှံပေး

ကျိုက်မရော   စက်တင်ဘာ   ၁၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် မူလတန်းလွန်ကျောင်း၌ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်မကျော်သည့်မိန်းကလေးများအား ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းကို စက်တင်ဘာ ၁၈ ရက်နံနက်မှစတင်ကာ ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဆရာမဒေါ်နန်းလှဝင်းရီနှင့် ကျောင်းအလိုက်တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြပြီး သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းနှင့်ပတ်သက်၍ လိုက်နာရမည့်ရှောင်ရန်၊ ဆောင်ရန်အချက်များကို  အသိပညာပေးဟောပြောကာ ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီစနစ်တကျ ထိုးနှံပေးခဲ့သည်။

သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ကိုမိန်းကလေးငယ်များအား စောလျင်စွာထိုးနှံပေးခြင်းက အဆိုပါရောဂါကိုအစောဆုံးကာကွယ်နိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူကပြောသည်။ ယနေ့ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသူ(၆၀)ဦးတို့အား စတင်ထိုးနှံပေးခဲ့ပြီး ဆေးထိုးစုရပ် ၂ ခုသတ်မှတ်ကာ စက်တင်ဘာလ ၁၈ ရက် နေ့မှ  ၂၉ ရက်နေ့ထိထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)