နမ့်စန်(တ) စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အသက်(၉)နှစ်ပြည့်ပြီး(၁၂) နှစ်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက အမှတ်(၂)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အ.ထ.က(နမ့်စန်)ကျောင်းရှိ အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော အမျိုးသမီးငယ်များကို မြို့နယ်ကုသရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးမင်းခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများက သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) စနစ်တကျထိုးနှံပေးလျက်ရှိပြီး အဆိုပါကာကွယ်ဆေးထိုးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုး၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ အ.ထ.က(နမ့်စန်)ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် ဆရာ/ဆရာမများက ကြည့်ရှုအားပေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြသည်။
ဗိုင်းရပ်စ်ပိုးနှင့် စတင်ထိတွေ့ခြင်းမရှိအချိန်တွင် မိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးခြင်းအားဖြင့် ကြိုတင်ကာကွယ်ထားနိုင်မှု မြင့်မားသည့်အတွက် အသက်(၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော (၁.၉.၂၀၁၁ မှ ၃၁.၈. ၂၀၁၄ ခုနှစ်အတွင်း မွေးဖွားသော) မိန်းကလေးငယ်များကို ထိုးနှံပေးခြင်းဖြစ်ပြီး ကျောင်းအခြေပြုတွင် ကာကွယ်ဆေးထိုးရန် စုစုပေါင်း ၃၂၉၀ ဦး လျာထား၍၊ ပြည်သူလူထုအခြေပြုတွင် ၄၉၃ ဦး လျာထားကာ စက်တင်ဘာ ၁၈ ရက်မှစတင်၍ သက်ဆိုင်ရာကျောင်းများနှင့် ကျန်းမာရေးဌာနစုရပ်အသီးသီးတွင် စတင်ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၇)ကျောင်း၌ ကာကွယ်ဆေးထိုးနှံပေးနေကြောင်း မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။
သူရအောင်(နမ့်စန်)