နမ့်စန်(တ) စက်တင်ဘာ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ ၂နာရီက မြို့နယ်ကျောက်တိုင်အားကစားကွင်းအတွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဖွင့်ပွဲတက်ရောက်လာကြသော အကြီးအကဲများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲဝင်အသင်းများနှင့် ဘင်ခရာတပ်ဖွဲ့တို့က အားကစားသစ္စာအဓိဌာန် ရွတ်ဆိုအလေးပြု၍ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။
ဆက်လက်၍ ဖွင့်ပွဲအထိမ်းအမှတ် ချစ်ကြည်ရေးပွဲစဉ်အဖြစ် ဌာနဆိုင်ရာအကြီးအကဲများ (ဇရာအို)အသင်းနှင့် အမှတ်(၅)ရပ်ကွက် အ.ထ.က-ခွဲအမျိုးသမီး (ကညာပျို)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာဌာနဆိုင်ရာအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ထို့နောက် ဖွင့်ပွဲပွဲစဉ်အဖြစ် အမှတ်(၁)ရပ်ကွက်(က)ဘောလုံးအသင်းနှင့် အမှတ်(၄)ရပ်ကွက် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ အမှတ်(၄)ရပ်ကွက်အသင်းက ၂ဂိုး၁ဂိုးဖြင့်အနိုင်ရခဲ့သည်။
အဆိုပါ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဖလား ရပ်ကွက်နှင့်ကျေးရွာပေါင်းစုံ အသက်(၂၃) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ရပ်ကွက်နှင့်ကျေးရွာများမှ ပြိုင်ပွဲဝင်အသင်း စုစုပေါင်း(၁၇)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။
သူရအောင်(နမ့်စန်)