မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေများ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ထုတ်ပေး

တံတားဦး၊ အောက်တိုဘာ  ၁၉

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ချောင်းခွကျေးရွာအုပ်စု ချောင်းပတ်ကျေးရွာ အခြေခံ ပညာမူလတန်း ကျောင်း၌ ယမန်နေ့ နံနက်(၁၀)နာရီက ဆဌမအကြိမ်မြောက် စီမံကိန်း လည်ပတ်ရန်ပုံငွေကို ကျေးရွာ အရောက်သွားရောက်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၏ လမ်းညွှန်ချက်များနှင့် အညီစနစ်တကျ ထုတ်ပေးကြောင်းသိရသည် ။
အဆိုပါ စီမံကိန်းချေးငွေထုတ်ပေးရာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးနှင့် ဝန်ထမ်းများက ချေးငွေလာ ရောက်ထုတ် ယူကြသော ပြည်သူများအားလူစုလူဝေး မဖြစ်ပေါ် စေရေးနှင့် အချိန်ကြန့်ကြာမှုမရှိစေရေး စနစ်တကျလက်ဆေးစေခြင်း ကိုယ်အပူချိန် တိုင်းတာပေးခြင်း (Mask) တပ်ဆင်စေခြင်းနှင့် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ခြောက်ပေကွာစနစ်ဖြင့် ထုတ်ပေးခဲ့ကြောင်း ကျေးလက် ဒေသဆင်းရဲမှုနှုန်းကိုလျှော့ချနိုင်ရန် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် လိုအပ်သော ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကျေးလက်နေပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွား လာစေခြင်းအတွက် ယခုလိုထုတ်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဌေးကပြောကြား၍သိရသည်။
တံတားဦးမြို့နယ် ချောင်းပတ်ကျေးရွာအနေဖြင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြစိမ်းရောင်စီမံကိန်း စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် ယနေ့ဆိုလျှင် ဆဌမအကြိမ်မြောက် စီမံကိန်းလည်ပတ်ရန် ပုံငွေထုတ်ချေးပေးခြင်းဖြစ်ကြောင်း ၊ ချောင်းပတ်ကျေးရွာတွင် စိုက်ပျိုးရေး လုပ်ကိုင်သူ (၁၆၄)ဦး၊ မွေးမြူရေး လုပ်ကိုင်သူ (၁၃၇)ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ(၆)ဦး စုစုပေါင်း(၃၀၇)ဦးကို စီမံကိန်း လည်ပတ် ရန်ပုံငွေ( ၅၉၂ ဒသမ ၁ )သိန်းကျပ်ကို ထုတ်ချေးပေးနိုင်ခဲ့ပါကြောင်း သိရသည် ။
 ရဲတင့်(တံတားဦး-ပြန်/ဆက်)