သီပေါမြို့ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်သော ယဉ်ကျေးလိမ္မာသင်တန်းသို့ ကျောင်းသား၊ကျောင်းသူ (၆၀၀)ဦးခန့် တက်ရောက်

သီပေါ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် မြို့လယ်ရပ်ကွက်ရှိ မြို့လယ်မဟာသာသနာ့ဗိမာန်တော်ကြီးတွင် အပတ်စဉ်တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ယဉ်ကျေးလိမ္မာသင်တန်း ကို ယမန်နေ့နံနက် ၈နာရီက ဖွင့်လှစ်သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းသား၊ကျောင်းသူ(၆၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းတွင် သီပေါမြို့ခန္တီရာမကျောင်းတိုက်မှ ဆရာတော်ဦးသောပါကနှင့် ရေတံခွန်တောင်ဆရာတော်တို့က သင်ကြားပြသပေးကာ ကျောင်းသား၊ကျောင်းသူကလေးငယ်များ ဗုဒ္ဓတရားတော်ဆုံးမစာများ၊ ဘုရားစာ၊ ဘုရားရှိခိုးနည်းများကို နားလည်သိရှိ သဘောပေါက်စေရန်နှင့် လိမ္မာယဉ်ကျေးလာစေရန် ရည်ရွယ်၍ သင်ကြားပြသဖွင့်လှစ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း မပျက်မကွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း၊ ယခင်အပတ်က ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦးခန့် တက်ရောက်ခဲ့သော်လည်း ယခုအပတ်တွင် (၆၀၀)ဦးခန့်တက်ရောက်၍ တက်ရောက်သူများ ပိုမိုများပြားလာကြောင်းနှင့် အလှူရှင်များမှ ကျောင်းသား၊ကျောင်းသူများအား အချိုရည်နှင့်မုန်များလာရောက်လှူဒါန်း ပေးခဲ့ကြောင်း မြို့လယ်မဟာသာသနာ့ဗိမာန်တော် ဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)