မိုင်းပျဉ်း အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရည်ရွယ်၍ Mask တပ်ဆင် သွား လာရေး အသိပညာပေးခြင်းနှင့် အပြစ်ဒဏ်ငွေ ပေးဆောင်စေခြင်းတို့ကို တာဝန်ရှိသူများက အဖွဲ့များခွဲ၍ ယမန်နေ့နေ့နံနက်ပိုင်းမှစ၍ မိုင်းပျဉ်းမြို့မဈေး၊ လူစည်ကားရာ မြို့တွင်း လမ်းဆုံနှင့် မြို့အဝင်အထွက်စစ်ဆေး ရေးဂိတ်တို့တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် Mask ကို နှာခေါင်း၊ ပါးစပ်များတွင် စနစ်တကျ တပ်ဆင်ခြင်းမရှိဘဲ မေးစေ့တွင်ချိတ်၍ သွားလာသူများနှင့် Mask မတပ် ဘဲ သွားလာသူများအား Mask တစ်ခုလျှင်ငွေ ကျပ် ၅၀ နှင့် ဒဏ်ကြေးငွေကျပ် (၁၅၀)ပေါင်း (၂၀၀)ကျပ်ကို ပေးဆောင် စေပြီး Mask များအား စနစ်တကျ တပ်ဆင်စေသည့် နည်းလမ်းများ၊ စနစ်တကျ တပ်ဆင်ခြင်းမရှိက ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများ အကြောင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာတင်ဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမောင်မောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဉက္ကဋ္ဌ ဦးစိုးဦးနှင့် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးဌေးတို့မှ အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူ၍ တာဝန်ရှိသူများနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးနှင့် အပြစ်ဒဏ်ငေွပေး ဆောင်စေခြင်းများဆောင်ရွက်ခဲ့ကြသည်။
မေမွန်ထွဋ် (ပြန်/ဆက်)