အမရပူရ စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့ရှိအမှတ်(၁)၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများတွင် လာမည့် ပညာသင်နှစ်တွင် တက်ရောက်နိုင်မည့် အလယ်တန်းအဆင့် Gread-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား၊ကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ အတတ်ပညာဆိုင်ရာသင်ယူနိုင်မှု အခွင့်အလမ်းများ အသိပညာပေးဟောပြောပွဲများကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်းတွင်လည်းကောင်း၊ ၁၀ နာရီခွဲအချိန်တွင် အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင်လည်းကောင်း ဟောပြောခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီးများက အဖွင့်အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် အမရပူရခရိုင် ပညာရေးမှူးဒေါ်ခင်စန်းဝင်းက လာမည့်ပညာသင်နှစ် အမရပူရမြို့ ပလစ ၂ အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားမည့် စက်မှုလက်မှုဘာသာရပ်၊ စိုက်ပျိုးရေးဘာသာရပ်နှင့်မွေးမြူရေးဘာသာရပ်တို့တွင် အလယ်တန်းအဆင့် Gread-9 အောင်မြင်ပြီးမြောက်သူများ ဝင်ခွင့်လျောက်ထားပြီးတက်ရောက်နိုင်ကြောင်း၊ စိတ်ပါဝင်စားသည့် ဘာသာရပ်အလိုက် တက်ရောက်သင်ကြားနိုင်ပြီး၊ ဘာသာရပ်အလိုက်ဖြေဆိုရာတွင် အထူးအောင်၊ အဆင့်မီနှင့်သင်ယူပြီးမြောက်ခြင်းအဆင့်၃ဆင့်ရှိပြီး အဆင့်အလိုက် ဆက်လက် တက်ရောက်နိုင်သည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များအကြောင်းနှင့် ရရှိမည့်အလုပ်အကိုင် အခွင့်လမ်းများ၊ တက်ရောက်သင်ကြားနေစဥ် သင်ကြားရေးထောက်ပံ့များအကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)