ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဘက်စုံသုံးခန်းမတွင် ယမန်နေ့ညနေ (၃)နာရီက လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေး၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကလေးဘဝရှေ့အလားအလားနှင့် ဂုဏ်သိက္ခာတို့ကို ကင်းမဲစေပြီး ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာသည့်အလုပ်မျိုးတွင် လုပ်ကိုင်နေရသူများနှင့် အလုပ်များတွင် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ၊ စာရိတ္တပိုင်းဆိုင်ရာ ထိခိုက်နစ်နာစေပြီး ပညာသင်ကြားရေးကို ထိခိုက်နစ်နာစေမည့် ကျောင်းတက်ရန် အခွင့်အလမ်းရွေးချယ်နိုင်မှုမရှိခြင်း၊ အချိန်မတိုင်မီ ကျောင်းမှထွက်ရခြင်း၊ ကျောင်းတက်ခြင်းနှင့်အတူ ပြင်းထန်လေးလံသောအလုပ်များကို အချိန်လွန်ကဲကြာမြင့်စွာ လုပ်ကိုင်နေရသူများသည် ကလေးအလုပ်သမားများဖြစ်ကြောင်းနှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်စေရေး ပြည်သူများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် ဟောပြောခဲ့သည်။

ဆက်လက်ပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက အသက်(၁၆)နှစ် မပြည့်သေးသူများကို သတ်မှတ်အလုပ်ချိန်ထက်ကျော်လွန်၍ အချိန်ပိုလုပ်ခွင့်မပြုရေး၊ အသက်(၁၆)နှစ်ပြည့်ပြီး အသက်(၁၈)နှစ်မပြည့်သူများကို အသက်မွေးဝမ်းကျောင်း သင်တန်းဆင်းလက်မှတ်၊ ကျန်းမာကြောင်းဆရာဝန်၏ထောက်ခံချက်ဖြင့် အလုပ် လုပ်ခွင့်ပြုနိုင်ခြင်း၊ အသက်(၁၈) မပြည့်သေးသူများအား အန္တရာယ်ရှိသော အလုပ်များတွင် အလုပ်လုပ်ခွင့်မပြုကြောင်းနှင့် ကလေးအလုပ်သမားများ၏ အလုပ်ချိန် ကန့်သတ်ချက်များအကြောင်း ဟောပြောခဲ့ကြောင်း သိရသည်။

သက်မောင်ကျောက်ဆည်