ကျိုက်မ​ရောမြို့နယ်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်ဆန္ဒမဲ ပေးမည့် မဲဆန္ဒရှင်များနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် မြို့နယ် ကြိုတင်မဲပုံးအတွင်း မဲလက်မှတ် ထည့်သွင်းခြင်း​ဆောင်ရွက်

ကျိုက်မ​ရော အောက်တိုဘာ   ၁၉

ကျိုက်မ​ရောမြို့နယ်တွင် ၂၀၂၀ပြည့်နှစ် အ​ထွေထွေ​ရွေး​ကောက်ပွဲအတွက် အသက် ၆၀နှစ် အထက် ကြိုတင်မဲ​ပေးမည့် မဲဆန္ဒရှင်များနှင့် စပ်လျဉ်း၍ ကြိုတင်မဲထည့်ခြင်းဆိုင်ရာများအား ရှင်းလင်း​​ဆွေး​နွေးပွဲကို ယမန်နေ့ ၁၁ နာရီခန့်က မြို့နယ်​​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေး​ကောက်ပွဲ ​​​ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရှင်က အမှာစကား​ပြောကြားပြီး မြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ အတွင်း​ရေးမှူး ​ဒေါ်အိသဲလင်းက အသက် ၆၀ နှစ် အထက်ကြိုတင်မဲ​​ပေးမည့် မဲဆန္ဒရှင်ပြည်သူများနှင့်စပ်လျဉ်း၍ ကြိုတင်ဆန္ဒမဲ​ပေးမည့်​နေ့ရက် နှင့်အချိန်များ၊ ဆန္ဒမဲ​ပေးရာတွင် လိုက်နာ ကျင့်သုံးရမည့် အချက်များကို ရှင်းလင်း ​ဆွေး​နွေးခဲ့သည်။

ထို့​နောက် မြို့နယ်ကြိုတင်မဲပုံးအတွင်း မဲလက်မှတ်ထည့်သွင်းခြင်းတို့နှင့် စပ်လျဉ်းပြီး ရှင်းလင်း​ဆွေး​နွေးသရုပ်ပြကာ ပါတီကိုယ်စား လှယ် များ ၏ ​ရှေ့​မှောက်၌​ မော်လမြိုင် အချုပ်​ထောင်မှ ကျိုက်မ​ရောမြို့နယ်အတွက် ကြိုတင်ဆန္ဒမဲ​ပေးခွင့်ရှိသူ အချုပ်သား (၂၄)ဦး၏ကြိုတင် ဆန္ဒမဲ လက်မှတ်ပါ စာအိတ်များကို ပွင့်လင်းမြင်သာစွာထည့်သွင်းပြသပြီး လုံခြုံ​ရေးကြိုးဖြင့် ချိတ်ပိတ်တပ်ဆင်ခဲ့ကြ​ကြောင်း သိရသည်။ ကျိုက်မ​ရောမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းအရ မဲဆန္ဒရှင် စုစု​ပေါင်း (၁၈၀၇၈၁) ဦးရှိပြီး ပြည်ပ​ရောက်မဲဆန္ဒရှင် (၁၅၄၄)ဦး ရှိ​ကြောင်းမြို့နယ်​ရွေး​ကောက်ပွဲ​ကော်မရှင် အဖွဲ့ခွဲအတွင်း​ရေးမှူး​ဒေါ်အိသဲလင်းထံမှသိရသည်။         

ချိုချို (ပြန်/ဆက်)