မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အမျိုးသား(အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

မိုးနဲ စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အမျိုးသား(အလွတ်တန်း)  ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို စက်တင်ဘာ ၁၆ရက်နေ့ ညနေ ၃ နာရီ အချိန်က ပေါ့မိုင်းရပ်ကွက်ရှိ ပြည်သူ့အားကစားကွင်းနေရာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ဖွင့်ပွဲအခမ်းအနားကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်၊ မိုးနဲမြို့နယ် တပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးတိုးဝင်းဖေနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းအောင် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အားကစားသမားများက နိုင်ငံတော်အလံအားအလေးပြုခြင်းနှင့် အားကစား သစ္စာအဓိဌာန်ရွတ်ဆိုခြင်းများ‌ ဆောင်ရွက်ပြီး ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် နမ့်မော်ဆွမ့်အသင်းနှင့် နောင်ကျော့နာဟောင်အသင်းတို့ ယှဉ်ပြိုင်ကစားရန် ဘောလုံးကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌက ကွင်းအတွင်းသို့ ကန်သွင်း၍ ပြိုင်ပွဲကို စတင်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ပြိုင်ပွဲဝင်အသင်း ၇ သင်းဖြင့် စက်တင်ဘာ  ၃၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပြီး ဖွင့်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း ဘင်ခရာနှင့်ပန်းဖွားအဖွဲ့က ပါဝင်တီးမှုတ် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။ 

မျိုးညွန့်ရွှေ(မိုးနဲ)