ကျောက်ဆည်တက္ကသိုလ်တွင် Facility Quarantine ဝင်ရောက်နေသည့် ပြည်ပနိုင်ငံများမှ ပြန်လည် ဝင်ရောက်လာသူ (၁၀၈)ဦးရှိသည့်အနက် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိသူ(၁၄)ဦး အား နေရပ်အသီးသီးသို့ပြန်ခွင့်ပြု

ကျောက်ဆည်၊  အောက်တိုဘာ ၁၉


မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်တက္ကသိုလ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး Facility Quarantine ဝင်ရောက်နေသည့် ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မလေးရှားနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာကြသည့်  ပြည်ပပြန် စောင့်ကြည့်သူ အမျိုးသား (၁၀၈) ဦးရှိသည့်အနက် ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိသူ (၁၄) ဦးအား နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ကြောင်း ယနေ့ မွန်လွဲ (၁) နာရီအချိန်က  Facility Quarantine စာရင်းများအရ သိရှိရသည်။
အဆိုပါ ပြည်ပပြန် Facility Quarantine ဝင်ရောက်သူများကို အောက်တိုဘာ (၁၅) ရက်နေ့မှ စတင်လက်ခံထားရှိရာ ၎င်းနေ့တွင် (၉၄) ဦး၊ အောက်တိုဘာ (၁၆) ရက်နေ့တွင် (၅) ဦး၊ အောက်တိုဘာ (၁၇) ရက်နေ့တွင် (၆) ဦး၊ အောက်တိုဘာ (၁၈) ရက်နေ့တွင်(၃)ဦး စုစုပေါင်း(၁၀၈)ဦး ရှိကြောင်း သိရှိရပြီး ၎င်းတို့အနက်မှ (၉၄)ဦးအား ကိုဗစ်-၁၉ရောဂါ ပိုးရှိ/မရှိ (Swab)များ ယူခဲ့ပြီး စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိဘဲ Facility Quarantine ဝင်သည့်ရက် ပြည့်ခဲ့သည့် အမျိုးသား (၁၄) ဦးအား အောက်တိုဘာ (၁၇) ရက်နေ့တွင်လည်းကောင်း၊ အမျိုးသား (၈) ဦးအား အောက်တိုဘာ (၁၇) ရက်နေ့တွင်လည်းကောင်း ကျောက်ဆည်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးကောင်းမွန်ကြောင်း ဆေးထောက်ခံစာများပြုလုပ်ပေးခဲ့ပြီး နေရပ်အသီးသီးသို့ ပြန်ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် Facility Quarantine ဝင်ရောက်သူ (၁၀၈) ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရေး (Swab) ယူရန်ကျန်ရှိနေသည့် ပုသိမ်ကြီးမြို့နယ်မှ(၁)ဦး၊ သပိတ်ကျင်း မြို့နယ်မှ (၂) ဦး၊ သာစည်မြို့နယ်မှ (၁) ဦး၊ ကျောက်ပန်းတောင်း မြို့နယ်မှ (၂) ဦး၊ မြင်းခြံမြို့နယ်မှ (၁) ဦး၊ ရမည်းသင်းမြို့နယ်မှ (၁) ဦး၊ ပြင်ဦးလွင်မြို့နယ်မှ (၁) ဦး၊ ကျောက်ဆည်မြို့နယ်မှ (၁) ဦး၊ မိတ္ထီလာမြို့နယ်မှ (၄) ဦး၊ စုစုပေါင်း (၁၄) ဦးအား (Swab)များ ယူပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ခံထားရမှု ရှိ/မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် အဖြေများကိုလည်း ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)