မော်လမြိုင် စက်တင်ဘာ ၁၆
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပရာ မွန်ပြည်နယ် ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အိုဇုန်းလွှာထိခိုက်ပျက်စီးမှု၏ အကျိုးဆက်များဖြစ်သော လူသားများနှင့် ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများကို ကမ္ဘာ့နိုင်ငံများက သတိပြုမိသည့်အတွက် ၁၉၈၅ ခုနှစ်မှာ ဖွံ့ဖြိုးပြီး နိုင်ငံအချို့နှင့် ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ် (UNEP)တို့ ဦးဆောင်ပြီး အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချမှတ်နိုင်ခဲ့ပြီး အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ကန့်သတ် ထိန်းချုပ်ရေးဆိုင်ရာမွန်ထရီယယ်နောက်ဆက်တွဲစာချုပ်ကို ၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှာ ချမှတ်နိုင်ခြင်းဖြစ်ပါကြောင်း၊ မွန်ထရီယယ် နောက်ဆက်တွဲစာချုပ်သည် ကမ္ဘာပေါ်တွင် အအောင်မြင်ဆုံးသော အပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ်ဖြစ်ပြီး ယနေ့မှာတွင် (၃၆) နှစ်ပြည့်မြောက်သော နေ့ပင်ဖြစ်ကြောင်း၊ ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “ရာသီဥတုပြောင်းလဲမှုလျှော့ချရေးအိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” (Montreal Protocol: Fixing the Ozone Layer and Reducing Climate Change) ဖြစ်ပါကြောင်း၊ ကမ္ဘာမြေအတွက် မရှိမဖြစ် လိုအပ်သော နေ၊ လေနှင့် ရေ စွမ်းအင်များသည် သက်ရှိများ ရှင်သန်ရပ်တည်နိုင် ရေးအတွက် အဓိက ကျလှပါကြောင်း၊ နေစွမ်းအင်သည် သက်ရှိများ ရှင်သန်ရပ်တည်နိုင်ရေး အတွက် အလင်းရောင်နှင့် ခရမ်းလွန်ရောင်ခြည် (Ultra Violet) များ ထုတ်လွှတ်ပေးလျက် ရှိပါကြောင်း၊ ခရမ်းလွန်ရောင်ခြည်များ ကမ္ဘာမြေပေါ်သို့ တိုက်ရိုက်ကျရောက်မှုမရှိစေဘဲ ဖြတ်သန်းရာ ကမ္ဘာ့လေထုအတွင်း ဒုတိယအလွှာဖြစ်သော စထရာတိုစပီးယားအလွှာတွင် သဘာဝအလျောက်တည်ရှိသော အိုဇုန်းလွှာက စုပ်ယူပေးပြီး သဟဇာတရှိရှိ ထိန်းညှိပေးကာ သက်ရှိသက်မဲ့အရာများအပေါ် ကာကွယ်ပေးနေရာသီဥတုပြောင်းလဲမှုကြောင့် ဆိုးကျိုးသက်ရောက်မှုများဖြစ်သော အပူချိန်မြင့်မားမှုကြောင့် ရေငွေ့ပျံနှုန်းမြင့်မားခြင်းနှင့် မိုးရွာသွန်းမှု နည်းပါးခြင်းများကြောင့် မိုးခေါင်ခြင်း၊ ရေချိုအရင်းအမြစ်များ လျော့ကျခြင်း၊ မိုးရွာသွန်းမှုမမှန်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းနှင့် ပင်လယ် ရေမျက်နှာပြင် မြင့်တက်လာခြင်း ကြောင့် စိုက်ပျိုးမြေများ ဆုံးရှုံးခြင်း၊ ဂေဟစနစ်များ ပျက်စီးဆုံးရှုံးခြင်းများကို ဖြစ်ပေါ်စေပြီး မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များ ပေါ်ပေါက်လာနိုင်သည့်အတွက် အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများအား လျှော့ချသုံးစွဲခြင်း၊ အခြားအစားထိုးနည်းလမ်းများအား ရှာဖွေလာကြခြင်းစသော လုပ်ငန်းစဉ်များသည် အိုဇုန်းလွှာကို ကာကွယ်ပေးရုံသာမက ရာသီဥတုပြောင်းလဲမှုကို လျှော့ချပေးရာရောက်မှာဖြစ်ပါကြောင်း ပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များအတွက် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ကမ္ဘာ့လေထုအတွင်း အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ကင်းဝေးစေရန်နှင့် ပြောင်းလဲလာသော ရာသီဥတုကို အားလုံးအတူတကွ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
ဆက်လက်၍ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)မှပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့၀င် သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်က ဖတ်ကြားပြီး ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်က အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်ပြီး ၂၀၂၃ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီးတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကလစ်အား ပြသခြင်းများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဆုရရှိသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ပြီး ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)