စမ်းချောင်း စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ စီမံချက်ဖြင့် ကျောင်းကြက်ခြေနီနှင့် ရှေ့ဦးပြုစုခြင်းအကြောင်း သိကောင်းစရာ ဟောပြောပွဲကို စက်တင်ဘာ ၁၆ ရက် နံနက်(၁ဝ)နာရီအချိန်က စမ်းချောင်းမြို့နယ်၊ မုန့်လုပ်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကံ့ကော်ခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အလုံခရိုင် ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါက်တာအောင်ခင်မှ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် နည်းပြဆရာများက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ ရှေးဦးပြုစုနည်းအခြေခံသဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း အကြောင်းများ ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများအပြင် ကျောင်းကြက်ခြေနီအသင်းခွဲငယ် ဖွဲ့စည်းနိုင်ရေးနှင့် ကျောင်းတွင်ရှေးဦးပြုစုခြင်း သင်တန်းဖွင့်လှစ်နိုင်ရေးတို့ကိုလည်း ဆွေးနွေးကြကြောင်း သိရသည်။
အခမ်းအနားသို့ အလုံခရိုင်ကြက်ခြေနီအသင်း၊ မြို့နယ်ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူ (၆၀) ဦး တက်ရောက်ကြကြောင်း သိရသည်။
နီလာစိုး