မိုးမိတ် အောက်တိုဘာ ၁၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ ကြိုတင် ကာကွယ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး သတိပေးချက်များနှင့်အညီ နှာခေါင်းစည်း (Mask )များ တပ်ဆင်သည့် အလေ့အကျင့်များ ရရှိစေရေးအတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်း မရှိသူများအား ဒဏ်ကြေးငွေ ပေးဆောင်စေသည့် အစီအစဉ်ကို ယနေ့ နံနက် ၆ နာရီအချိန်က ကုန်စိမ်းနှင့်သားငါး ယာယီဈေးနှင့် စည်ပင်သာယာအဝိုင်းတို့တွင် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ ဦးဆောင်မှု ဖြင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့က မြို့တွင်းရှိ လမ်းများတွင် လှည့်လည်နှိုးဆော်ခြင်းကို အောက်တိုဘာ ၁၆ ရက် နေ့မှ ၁၈ ရက်နေ့အထိ သုံးရက်တိုင်တိုင် ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရေး၊ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သည့်အလေ့အကျင့် ဖြစ်စေရေးအတွက် ယခုဝယ် ယခုတပ် အစီအစဉ်ကို ယနေ့မှစတင်၍ နေ့စဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် နှာခေါင်းစည်း (Mask)မတပ်ဘဲ သွားလာရာတွင်လည်းကောင်း ၊ ဈေးရောင်း/ ဈေးဝယ် ပြုလုပ်ရာတွင်လည်းကောင်း Mask တပ်ဆင်ခြင်းမရှိပါက ဒဏ်ကြေးငွေ (၂၀၀) ကျပ်ကို သတ်မှတ်ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)