ဘူးသီးတောင် စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် အိတ်ခ်ျပီဗီပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးခြင်းအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံရှိအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးဇော်ဝင်းက အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံဖို့ အခွင့်အရေးကြုံလာချိန်၌ မိန်းကလေးငယ်များအားလုံးရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်းဆောင်ရွက်ကြရန်လိုကြောင်း ပြောကြားခဲ့ပြီး ဘူးသီးတောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဦးစီးမှူးဒေါက်တာစောမင်းသိန်းက ကမ္ဘာတစ်ဝန်းတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားနှုန်းမှာ အမျိုးသမီးဦးရေတစ်သိန်းတွင် ၁၃ ဒဿမ ၃ ဦးရှိကြောင်းနှင့်ရောဂါကြောင့်သေဆုံးမှုမှာ ၆ ဒဿမ ၉ ဦး ရှိကြောင်း၊ သားအိမ်ခေါင်းကင်ဆာ ရောဂါကြောင့် သေဆုံးသူများ၏ ၉၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးမှုနည်းသောနိုင်ငံများတွင်ဖြစ်ပြီးလည်းကောင်း နိုင်ငံများတွင်ရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်မားနေသည်ကိုတွေ့ရကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ် ဆေးထိုးနှံထားခြင်းဖြင့် အသက်ငယ်ရွယ်သည့် မိန်းကလေးများတွင် သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားစေသည့် Human Papilloma Virus (HPV) သားအိမ်ခေါင်းကင်ဆာဗိုင်းရပ်စ်ပိုးကူးစက်မှုနှုန်းကို ၈၃ ရာခိုင်နှုန်းလျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယခုထိုးနှံပေးမည့်ကာကွယ်ဆေးမှာ HPV ပိုး အမျိုးအစားလေးမျိုးကို ကာကွယ်နိုင်သည့်ကာကွယ်ဆေးဖြစ်ပြီးအဆိုပါကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းဖြင့် သားအိမ်ခေါင်းကင်ဆာ ရောဂါဖြစ်ပွားမှုကို ၉၅ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်မည်ဖြစ်ကြောင်း၊ အသက် ၉ နှစ်ပြည့်ပြီး ၁၂ နှစ်အတွင်းရှိသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး HPV ထိုးနှံခြင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာများ၊ ကင်ဆာရောဂါ အဆင့်ဆင့်ဖြစ်ပွားပုံများ၊ ကာကွယ်ကုသနည်းများ၊ သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ် ဆေးထိုးနှံခြင်း (HPV)လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံမှုများနှင့်ပတ်သက်၍ Video Clips ကို ပြသခဲ့ပြီး တက်ရောက်လာသူများ၏မေးမြန်းဆွေးနွေးမှုများကို ဒေါက်တာစောမင်းသိန်းကပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်းနှင့် ဘူးသီးတောင်မြို့နယ်တွင် ကျောင်းအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့အထိထိုးနှံသွားမည်ဖြစ်ပြီး ပြည်သူအခြေပြုကာကွယ်ဆေးထိုးနှံခြင်းကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ပညာရေးဌာနမှကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ စုစုပေါင်း(၇၀)ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)