ပျဉ်းမနားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာဖတ်ဝိုင်းကျင်းပ

ပျဉ်းမနား စက်တင်ဘာ ၁၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာရေးဆရာပိုင်ဇင်ဇော်(သတ္တု)ရေးသားသည့်  “နှလုံးသားနုနုဖြင့်ထုဆစ်လေသောအရာနှင့်စစ်အချစ်ဝတ္ထုတိုများစုစည်းမှု” စာအုပ်အား စာရေးသူနှင့်အတူ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ/ဆရာမများ ပျဉ်းမနားမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များအားလည်းကောင်း၊ ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် စာရေးဆရာမကြီးဒေါ်တင်ရီ(တင်ရီမ-ညောင်ဦး)က စာရေးဆရာပိုင်ဇင်ဇော်(သတ္တု) ၏ “နှလုံးသားနုနုဖြင့် ထုဆစ်လေသော အရာနှင့် စစ်အချစ်ဝတ္ထုတိုများစုစည်းမှု” စာအုပ်အပေါ် မုဒိတာစကားပြောကြားသည်။

ထို့နောက် စာရေးဆရာပိုင်ဇင်ဇော်(သတ္တု)က “နှလုံးသားနုနုဖြင့်ထုဆစ်လေသောအရာနှင့် စစ်အချစ်ဝတ္ထု တိုများစုစည်းမှု” စာအုပ်ရေးဖြစ်ခဲ့ပုံနှင့် စာအုပ်ပါအကြောင်းအရာများအား မိတ်ဆက်ဆွေးနွေးခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းသို့တက်ရောက်လာကြသည့် စာရေးဆရာ/ဆရာမများက “နှလုံးသားနုနုဖြင့်ထုဆစ်လေသောအရာနှင့်စစ်အချစ်ဝတ္ထုတိုများစုစည်းမှု” စာအုပ်ပါ အကြောင်းအရာများကို မိမိတို့၏ကိုယ်ပိုင်သဘောထားအမြင်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကိုမေးမြန်းကြရာ စာရေးသူပိုင်ဇင်ဇော်(သတ္တု)က ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။

မျိုးသီဟ(ပြန်/ဆက်)