ဗန်းမော်မြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပ

ဗန်းမော် စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း မြဝတီခန်းမတွင် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီကလည်းကောင်း ကဗျာပြိုင်ပွဲကို မွန်းလွဲ(၁)နာရီကလည်းကောင်း  ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဗန်းမော်မြို့အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဘန်အားဘူက ကမ္ဘာ့ဆရာများနေ့တွင် ဆရာအပေါင်းတို့အား ရိုသေထိုက်သူကိုရိုသေခြင်း၊ မိမိကိုယ်ကိုနှိမ့်ချခြင်း၊ သူ့ကျေးဇူးကိုသိတတ်ခြင်း၊ ကျေးဇူသိမှတ်တုံ့ဆပ်ခြင်းဖြင့် မြတ်ဆရာတို့၏ ဂုဏ်ကျေးဇူးကိုချီးကျူးဂုဏ်ပြုထုတ်ဖော်အပ်ကြောင်း၊ ဆရာများ၏ဂုဏ်ကျေးဇူးကိုအစဉ်အောက်မေ့စေရန်ရည်ရွယ်၍ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် “မွန်မြတ်လှပဆရာ့ဘဝ” ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်စာစီစာကုံးဖြေဆိုသူ(၃၀)ဦးနှင့် အလယ်တန်းဆင့်ဖြေဆိုသူ (၂၉)ဦး၊ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  မြဝတီခန်းမ၌ပင် မွန်းလွဲ(၁)နာရီက “လမ်းပြကြယ်ပမာမြတ်ဆရာ” ခေါင်းစဉ်ဖြင့်  အထက်တန်းဆင့်ကဗျာဖြေဆိုသူ(၂၈)ဦး၊ အလယ်တန်းဆင့်ကဗျာဖြေဆိုသူ(၂၈)ဦး စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၁၅)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက်