သံတွဲ စက်တင်ဘာ ၁၇
သံတွဲခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက သံတွဲခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre) ဘက်စုံသုံးခန်းမ၌ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က အဖွင့်အမှာစကား ပြောကြားသည်။ ထိုသို့ပြောကြားရာတွင် ကမ္ဘာပေါ်မှာရှိသည့် သက်ရှိတွေကို ကောင်းကျိုးပြုနေတဲ့အိုဇုန်းလွှာဟာ သဘာဝရဲ့လက်ဆောင်မွန်ဖြစ်ပါကြောင်း၊ အိုဇုန်းလွှာသည် အိုဇုန်းမော်လီကျူးတွေအများဆုံးတည်ရှိသည့် ကမ္ဘာမြေပြင်အထက် အမြင့်၁၅ကီလိုမီတာမှ ၃၅ ကီလိုမီတာကြားတွင်ရှိသည့် ကမ္ဘာ့လေထု၏ ဒုတိယအလွှာ စထက်ရက်တိုစဖီးယားအလွှာမှာ သဘာဝအလျောက်တည်ရှိနေပြီး ကမ္ဘာမြေပေါ်ကိုကျရောက်လာသည့် ခရမ်းလွန်ရောင်ခြည် (၃)မျိုးအနက် အပင်နှင့်သက်ရှိတွေများအား အလွန်အန္တရာယ်ဖြစ်စေသော ခရမ်းလွန်ရောင်ခြည် ((UV-B)နှင့် (UV-C)ကို စုပ်ယူထားသည့်အတွက် ကမ္ဘာမြေပေါ်ကိုမကျရောက်တော့ဘဲအပင်နှင့် သက်ရှိတွေကိုအကာအကွယ်ပေးပြီး အကျိုးပြုနေခြင်းဖြစ်ပါကြောင်း အိုဇုန်းလွှာပျက်စီးရခြင်းအကြောင်းရင်းများ ၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာများ ၊ ကမ္ဘာ့နိုင်ငံများ လက်ရှိကြုံတွေ့နေရသည့် ရာသီဥတုဆိုင်ရာစိန်ခေါ်မှုဆိုင်ရာများနှင့် မြန်မာနိုင်ငံအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသည့် အအေးပေးဒြပ်ပစ္စည်းတစ်မျိုးဖြစ်သည့် ဟိုက်ဒရိုကရိုလိုဖလူရိုကာဗွန် HCFC သုံးစွဲမှုကို လျော့ချရပ်ဆိုင်းနိုင်ဖို့အတွက် HCFC ဓာတ်ပစ္စည်းများကို ပြည်တွင်းသို့တင်သွင်းအသုံးပြုခြင်းကို ၂၀၁၅ ခုနှစ်မှစတင်ပြီး ကန့်သတ်ပမာဏအတိုင်း ဒြပ်ပစ္စည်းဆိုင်ရာလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်အရ လိုင်စင်စနစ် ခွဲတမ်းစနစ်ဖြင့် ခွင့်ပြု၍ နှစ်အလိုက် လျှော့ချလျက်ရှိပြီး ၂၀၂၄ ခုနှစ်တွင် အပြီးသတ်ရပ်ဆိုင်းသွားမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ယခုနှစ် ကမ္ဘာအိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သည့် “ရာသီဥတုပြောင်းလဲမှု လျှော့ချရေးအိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး”ဟူသောဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာကိုဝိုင်းဝန်း ထိန်းသိမ်းကာကွယ်သွားကြရေး အကျယ်တဝင့်ပြောကြားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှပေးပို့သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် Video အားပြသပြီး တက်ရောက်လာကြသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
သန့်ဇင် (ခရိုင်ပြန်/ဆက်)