မော်လမြိုင် စက်တင်ဘာ ၁၇
မွန်ပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်အတွက် နေပြည်တော်ကုသရေးဦးစီးဌာန (ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာမိုးခိုင်ဦးစီး၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကလေးဆေးရုံကြီး၊ ခုတင်(၅၀၀)ဆံ့အထူးကုဆေးရုံကြီးတို့မှ ပါမောက္ခ/အထူးကု ဆရာဝန်ကြီး(၁၂)ဦးက အစာအိမ်နှင့်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ သွေးရောဂါ၊ ကလေးဦးနှောက်နှင့် အာရုံကြောဆေးပညာ၊ နှလုံးရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာ၊ ဟော်မုန်းဆေးပညာ၊ သွားရောဂါပညာရပ်ဆိုင်ရာများကို မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့လာရောက်၍ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများနှင့်အတူ ဒေသခံပြည်သူများအားဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့သည်။
မော်လမြိုင်ပြည်သူ့ဆေးရုံကြီးတွင် အထူးကုဆရာဝန်ကြီးများထံသို့ လာရောက်ပြသကုသမှုခံယူကြသော လူနာများကို မွန်ပြည်နယ်အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကြည့်ရှုအားပေးပြီး အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်စကားပြောကြားကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ကွင်းဆင်းကျန်းမာရေး ဆေးကုသမှုများကို မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီး၌ စက်တင်ဘာ ၁၆ ရက်မှ ၁၇ ရက်နေ့ထိ ၂ ရက်ကြာ ပြည်သူများအား အခမဲ့ကြည့်ရှုကုသ ပေးသွားမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း ဆေးကုသမှု အစီအစဥ်များကို ရခိုင်ပြည်နယ်တွင်နှစ်ကြိမ်၊ ဧရာဝတီတိုင်းဒေသကြီးတွင် တစ်ကြိမ်၊ ရှမ်းပြည်နယ်တွင်တစ်ကြိမ် ကုသမှုများကိုဆောင်ရွက်ပေးနိုင်ခဲ့ပြီး အခြားသောတိုင်းဒေသကြီး/ပြည်နယ်များသို့လည်း ဆက်လက်၍ လှည့်လည် ဆေးကုသဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်