ကွန်ဟိန်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ (Community Centre) ခန်းမ၌ စာရေးဆရာ လူထုစိန်ဝင်း၏ “လူငယ်တွေကိုယုံပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းအား ယမန်နေ့မွန်းလွဲ (၁:၀၀) နာရီ အချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ယင်းနောက် Grade-9 ကျောင်းသား မောင်စည်သူအောင်က “အချိန်ဖြုန်းခြင်း၊ အချိန်ခိုးခြင်း”၊ ကျောင်းသူ နန်းပေါင်းအွမ်ဆိုင်က “လူငယ်နဲ့ပညာသည်စိတ်” စာအုပ်ပါအကြောင်းအရာများအား ဆွေးနွေးပြီး တက်ရောက်လာသူများက အပြန်အလှန်ပြန်လည် ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ စာဖတ်ဝိုင်းအား စာဖတ်သူတိုးပွါးလာစေရန်၊ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးချနိုင်စေရန်၊ ဗဟုသုတများဖလှယ်သည့် အလေ့အထများ တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းကြောင်း သိရှိရပါသည်။
ကွန်ဟိန်း(ပြန်/ဆက်)