မြောက်ဦး စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးဟောင်း) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးတင်ထူးလှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)အမှုဆောင် ညွှန်ကြားရေးမှူးထံမှပေးပို့ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ်လွှာမိန့်ခွန်းဗီဒီယိုပြသခဲ့ပြီးနောက် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ထို့နောက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ် ဗီဒီယိုကလစ်အားပြသပြီး တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများ အမှတ်တရဓာတ်ပုံ ရိုက်ကူးကြကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းများအား တက်ရောက်လာသူများက လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်စိုး(ပြန်/ဆက်)