သီပေါ အောက်တိုဘာ ၁၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့် ဒုမဲရုံမှူးသင်တန်း ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့် က သီပေါမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းသာလှိုင် က သင်တန်းဖွင့်လှစ်ရာတွင် ကြိုတင်ပြင်ဆင်ရမည့်ကိစ္စများ၊ ကြိုတင်ဆန္ဒမဲနှင့် မဲလက်မှတ်များရရှိမှု၊ လုံခြုံရေး၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ဆွေးနွေးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။
သီပေါမြို့နယ်တွင် မြို့နယ်အဆင့် မရုံမှူး၊ ဒုမဲရုံမှူး ဆရာဖြစ်သင်တန်းကို ပညာရေးဝန်ထမ်း ဆရာ/မ (၃၀)ဦးဖြင့် အောက်တိုဘာလ (၂၄)ရက်နေ့နှင့် (၂၅)ရက်နေ့အထိ မြို့နယ်အထွေထွေ အုပ်ချူပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး ထိုသင်တန်းမှ သင်တန်းဆင်းလာသူ နည်းပြ(၃၀)ဦးက မဲရုံမှူးနှင့် ဒုမဲရုံမှူး ဆင့်ပွားသင်တန်းကို သင်တန်းသား (၂၇၀)ဦးဖြင့် အောက်တိုဘာလ (၂၉)ရက်နေ့မှ (၃၀)ရက်နေ့အထိ အမှတ်(၄)၊ အမှတ်(၆) အခြေခံပညာအလယ်တန်း ကျောင်းခွဲတို့တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)