စဉ့်ကူးမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

စဉ့်ကူး  စက်တင်ဘာ   ၁၇

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community    Centre) ခန်းမတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စဉ့်ကူးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်ဇာလွင်က အိုဇုန်း၏အဓိပ္ပါယ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်၏ ယခုနှစ်ဆောင်ပုဒ်၊ အကျိုးပြုအိုဇုန်းလွှာနှင့် အကျိုးမပြုအိုဇုန်းလွှာအကြောင်း၊ အိုဇုန်းလွှာပျက်စီးရခြင်း အကြောင်းရင်းများ၊ အိုဇုန်းလွှာပျက်စီးခြင်းနှင့် ရာသီဥတုပြောင်းလဲမှုများအကြောင်း၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ ဖြစ်ပေါ်လာပုံအစရှိသည့် အကြောင်းအရာများကို ကျောင်းသားကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခဲ့သည်။

စဉ့်ကူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာကြည့်တိုက်နှင့်ပိုမိုရင်းနှီးကျွမ်းဝင်စေရန်စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းများ၊ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)