လှိုင်သာယာ(အနောက်ပိုင်း) စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက် (၀၉;၀၀) နာရီက လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်း ပုလဲခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးဒုတိယဦးစီးမှူး ဒေါ်ဝေလွင်လွင်ကျော်က “ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့်စကားအတိုင်း နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ရည်မှန်းချက် ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရန် ရည်ရွယ်၍ စကားပြောပြိုင်ပွဲများ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားပြီး လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းလွင်လေးက မုဒိတာစကားပြောကြားသည်။
ထို့နောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ “ပညာရဲရင့်ပွဲလယ်တင့်” ခေါင်းစဉ်ဖြင့် အမှတ် (၁၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၆) ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသော ကျောင်းသား/ကျောင်းသူများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ် ချီးမြှင့်ကြသည်။
အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် (၁) ဗိုလ်မှူးဖြိုးမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှဝန်ထမ်းများ၊ စာရေးဆရာများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၇၀) ဦး တက်ရောက်ကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလျက်ရှိ ကြောင်းသိရသည်။
မြင့်ဇော်(ပြန်/ဆက်)