မဟာအောင်မြေမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မဟာအောင်မြေ စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HVP)ကို အသက် ၉ နှစ် ပြည့်ပြီး၊ ၁၂ နှစ် မကျော်သော မိန်းကလေးများအား ကာကွယ်ဆေးထိုးနှံနိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးထွန်းထွန်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဒေါ်ချောချောနိုင်က ၂၀၂၃ ခုနှစ် အသက်  ၉ နှစ်ပြည့်ပြီး၊ ၁၂ နှစ် မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HVP) ထိုးနှံနိုင်ရေး အကြောင်းကို ရှင်းလင်းပြောကြားရာ စက်တင်ဘာလတွင် ကျောင်းအခြေပြု ကျောင်းသူများကို ထိုးနှံပေးမည်ဖြစ်ပြီး၊ အောက်တိုဘာလတွင် ရပ်ကွက်အခြေပြု မိန်းကလေးများကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာမှာ ၈၀ ရာခိုင်နှုန်းလွှမ်းမိုးထားသဖြင့် မဖြစ်မနေ ကာကွယ်ဆေးထိုးနှံသင့်ကြောင်း၊ ရောဂါဖြစ်ပွားမှုအကြောင်း၊ အစရှိသည်များကို ရှင်းလင်းပြောကြားခဲ့သည်။ စာသင်ကျောင်းအခြေပြု ကာကွယ်ဆေးထိုးနှံပေးခြင်းကို စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၉ ရက်နေ့ထိ လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံခြင်းကို ၁၆.၁၀.၂၀၂၃ရက်‌နေ့မှ ၂၇.၁၀.၂၀၂၃ ရက် နေ့အထိလည်းကောင်းဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးမှူးဒေါက်တာဒေါ်ချောချောနိုင်နှင့်ဝန်ထမ်းများ၊ ဒု-မြို့နယ်ပညာရေးမှူးဦးလွှမ်းဇေ၊ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်

အောင်ဇော်မင်း