ဆွမ်ပရာဘွမ် စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) အောင်မြင်စွာထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းထွန်းဝင်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ မြို့နယ်ကျန်းမာရေးမှူး အဆင့် (၁) ဒေါ်ဂျေလုဂျာတို့က မြန်မာနိုင်ငံတွင် သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှုအခြေအနေ၊ ကာကွယ်ဆေးထိုးနှံမှုနှင့် လွှမ်းခြုံမှုအခြေအနေ၊ သားအိမ်ခေါင်းကင်ဆာရောဂါလက္ခဏာ အကြောင်းအရာများကို ရှင်းလင်းခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်အတွင်းကျေးရွာအုပ်စုရှိ ကျေးရွာများတွင် အသက် (၉) နှစ်ပြည့်ပြီး အသက် (၁၂) နှစ် မကျော်သော မိန်းကလေးငယ်များ မကျန်ရှိစေရေး ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန်နှင့် အခြေခံပညာကျောင်းများတွင် ကျောင်းအခြေပြုအနေနှင့် ကာကွယ်ဆေးထိုးနှံခြင်းအား စက်တင်ဘာလ (၁၈) ရက်နေ့မှ (၂၉) ရက်နေ့အထိ၊ ပြည်သူအခြေပြုအနေနှင့် အောက်တိုဘာလတွင် ကွင်းဆင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားသို့ တက်ရောက်လာသူများမှ သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကာ စုပေါင်းမှတ်တမ်းပုံများ ရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
ဧပရယ်မိုး(ဆွမ်ပရာဘွမ်)