ရန်ကင်း စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်ရေးလေ့ကျင့်မှုသင်တန်းကျောင်း၌ ကလေးအလုပ်သမားဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီ၏ ကျွမ်းကျင်မှုသင်တန်း(၃)မျိုးဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နေ့လယ်( ၂)နာရီက အဆိုပါသင်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီးဦးစောဂျက်ကော့ထူးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံအတွင်းရှိကလေးအလုပ်သမားများအတွက် လိုအပ်တဲ့ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ဖို့၊ ပညာရေးအခွင့်အလမ်းများတိုးတက်ရရှိစေဖို့၊ အသက်မွေးဝမ်းကြောင်း ပညာများသင်ယူမှုရှိဖို့၊ အခွင့်အလမ်းများရရှိပြီးသင့်တော်ကောင်းမွန်တဲ့ အလုပ်အကိုင်များ ရရှိစေနိုင်ဖို့စသည်ဖြင့်ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ကြောင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းများတွင် မော်တော်ယာဉ်စက်ပြင်သင်တန်းတွင် သင်တန်းသား(၂၀)ဦး၊ လျှပ်စစ်သွယ်တန်းခြင်းသင်တန်းတွင် သင်တန်းသား(၃၂)ဦး၊ ဂဟေဆက်သင်တန်းတွင် သင်တန်းသား(၂၀)ဦး စုစုပေါင်းသင်တန်းသား(၇၂)ဦးတို့အား စက်တင်ဘာ ၁၅ ရက်နေ့မှ အောက်တိုဘာ ၁၆ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
သင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးကလေးအလုပ်သမားပပျောက်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ခဲ့ကျကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)