တောင်ဥက္ကလာပ စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစားပစ္စည်းများပေးအပ်လှူဒါန်းပွဲအခမ်းအနားကို စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် (၉:၃၀)နာရီအချိန်က အမှတ်(၅)အခြေခံပညာာအထက်တန်းကျောင်း၊ ကေသရာဇာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ညိုညိုအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက အားကစားဆိုတာအင်အားနှင့် ဉာဏ်ရည်ကိုအသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးက အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တမျိုးသားလုံးကျန်းမာကြံ့ခိုင်စေရန်အတွက် ကျောင်းသား၊ ကျောင်းသူလူငယ်များ အားကစားကို ကြိုးစားလေ့ကျင့်သင်ယူလေ့လာသင့်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထိုနောက် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦးမှ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းရာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့ပါသည်။ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူက ကျောင်းသား၊ ကျောင်းသူများ ဟောပြောပွဲအပေါ် စိတ်ဝင်စားမှုရှိမရှိ၊ အထွေထွေဗဟုသုတရှိမရှိ ဉာဏ်စမ်းမေးခွန်းများကို မေးမြန်းခဲ့ရာ အဖြေမှန်သူများအား ကျောပိုးအိတ်လက်ဆောင်ပေးအပ်ခဲ့ပါသည်။ ယင်းနောက် သရုပ်ပြအဖွဲ့များက အေရိုးဗစ်၊ တိုက်ကွမ်ဒိုအားကစားနည်းတို့ဖြင့် သရုပ်ပြတင်ဆက်ခဲ့ရာ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးဒေါ်ညိုညိုအောင်က သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ နည်းပြများ၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၂၅၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
သီတာအေး(ပြန်/ဆက်)