၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်‌သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာရပ်များ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းခြင်း အခမ်းအနားကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၃၀)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တိုးချဲ့ဖွင့်လှစ်မည်ဖြစ်‌သော စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အတတ်ပညာရပ်များ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့်ပတ်သက်၍ အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားတွင် တာ၀န်ခံမြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးစိုက်ပျိုးရေးဦးစီးဌာနဒုတိယဦးစီးမှူးဦးကျော်ရဲအောင်က စိုက်ပျိုးရေးဆိုင်ရာအသိပညာများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တာ၀န်ခံဆရာမဒေါ်စန်းမြတ်ဦးက အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ယူခွင့်ဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ကျောင်းသားမိဘများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တာ၀န်ခံမြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်ခိုင်နှင့် ဆရာ/ဆရာမများ၊ စိုက်ပျိုးရေးဦးစီးဌာနတာ၀န်ရှိသူများ၊ ‌ကျောင်းသားမိဘများနှင့် ကျောင်းသား/သူများတက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)