ဗန်းမော် စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်တို့ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကတ်(နည်းပြ/ဒိုင်)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ညောင်ပင်ရပ်ကွက်ရှိ ခရိုင်အားကစားခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာအစိုးရနည်းပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးဦးကြည်ဇော်ထွန်းက အခြေခံကျလှသည့် မြို့နယ်အဆင့်နည်းပြဆရာကောင်းများ ပေါ်ထွက်လာစေရန်နှင့် မျိုးဆက်သစ်ကစားသမားများမွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ယင်းနောက်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကြည်စိုး၊ ခရိုင်သတ္တုဦးစီးမှူးဦးတင်ကိုကို၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်းကျောင်းအုပ်ကြီးဦးလောင်းထန်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးကျော်စိုးအောင်၊ မြို့နယ်အားကစားမှူးဦးသက်ပိုင်ထွန်းတို့က သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်း၊ အားကစားဝတ်စုံများထောက်ပံ့ပေးအပ်ခြင်း၊ နည်းပြဆရာများအား လက်ဆောင်ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ နည်းပြဆရာဦးရဲမျိုးထွန်းအပါအဝင် နည်းပြ(၅)ဦးတို့က သင်တန်းသားသင်တန်းသူ(၂၀)ဦးတို့အား စက်တင်ဘာ ၁၁ ရက်နေ့ကစတင်၍ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်ဆက်