မိုးကောင်းမြို့နယ်အတွင်း သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မိုးကောင်း စက်တင်ဘာ ၁၇

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်းရှိ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (Human Papillomavirus Vaccine- HPV) ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ (၁၆) ရက် နံနက် (၉) နာရီတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ ဒေါက်တာစိုင်းထွန်းက သားအိမ်ခေါင်းကင်ဆာရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါဖြစ်ပွားမှု‌အခြေအနေ၊ ရောဂါလက္ခဏာများ၊ အရေးကြီးသည့် သတင်းအချက်အလက်များ၊ HPV ရောဂါနှင့်ပတ်သက်သည့် အမေးများသည့် မွေးခွန်းနှင့်အဖြေများ စသည့် အကြောင်းအရာများကို Power Point ဖြင့် ရှင်းလင်းပြောကြားသည်။

အခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းဝင်များနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ပြီး သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိရှိလိုသည့် မေးမြန်းချက်များအပေါ် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ရှင်းလင်းခဲ့သည်။

မိုးကောင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို အခြေခံပညာကျောင်းပေါင်းစုံမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူ (၃၅၉၆) ဦးအား စက်တင်ဘာ (၁၈) ရက်မှ (၂၉) ရက်ထိ ကျောင်းအခြေပြုအစီအစဉ်ဖြင့် ထိုးနှံပေးမည်ဖြစ်ပြီး ပြည်သူလူထုအခြေပြုအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံခြင်းကို အောက်တိုဘာ (၁၆) ရက်မှ (၂၇) ထိ သတ်မှတ်စုရပ်နေရာအသီးသီးတို့၌ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)