သီပေါမြို့နယ်၌ ကြိုတင်ဆန္ဒမဲပုံးများကို လုံခြုံရေးကြိုးဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်း ပြုလုပ်ဆောင်ရွက်

သီပေါ အောက်တိုဘာ ၁၉

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်ရာတွင် ကြိုတင် ဆန္ဒမဲလက်မှတ်များကို အဆင်သင့်ထည့်သွင်း အသုံးပြုသွားနိုင်ရေးအတွက် ကြိုတင်ဆန္ဒမဲပုံးအား လုံခြုံရေးကြိုး ဖြင့် တပ်ဆင်ချိတ်ပိတ်ခြင်းကို အောက်တိုဘာ ၁၇ ရက်နေ့ နံနက် (၁၁)နာရီခွဲအချိန် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးစိုင်းသာလှိုင် က အမှာစကား ပြောကြားခဲ့ပြီးနောက်  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းမင်းလွင် က  ကြိုတင်မဲပုံး ထိန်းသိမ်း စောင့်ရှောက်ခြင်း၊ ကြိုတင်မဲပုံး လုံခြုံရေးကြိုးချိတ်ပိတ်ပုံ အသေးစိတ် များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ကြိုတင်မဲများကို ကြိုတင်မဲပုံးအတွင်း ထည့်သွင်းလဲလှယ်ခြင်း၊ ပြောင်းလဲခြင်းများ မပြုလုပ်နိုင်ရန် မူလဆန္ဒပြုထားသည့်အတိုင်း ထည့်သွင်းသိမ်းဆည်းနိုင်ရေးအတွက် ကြိုတင်မဲပုံး လုံခြုံရေးကြိုး၏ ကုဒ်နံပါတ် ကို ကိုယ်စားလှယ်များက ဓာတ်ပုံရိုက်ယူခဲ့ကြပြီး သီပေါမြို့နယ်အတွင်း ပါဝင်ယှဉ်ပြိုင်ကြမည့် ပါတီ ၅ ပါတီမှ ပါတီကိုယ်စားလှယ်များ၏ ရှေ့မှောက်တွင် ချိတ်ပိတ်တပ်ဆင်ခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)