စဉ့်ကိုင်မြို့နယ်တွင် အာဆီယံသပြေပန်းပင်များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိ

စဉ့်ကိုင် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် မြေကွက်လပ်နေရာများနှင့်ခြံ၀င်းအတွင်း သပြေပင်များစိုက်ပျိုးထားရှိရာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်းဖြင့် မိသားစုအပို၀င်ငွေရရှိကြောင်း သိရသည်။

သပြေပန်းပင်ကို အောင်သပြေ၊ ကျောက်စိမ်းသပြေ၊ အာဆီယံသပြေဆိုပြီး အမျိုးမျိုးရှိရာစိုက်ပျိုးသူများသည် အပင်ကြီးထွား၍ အကိုင်းအညွှန့်အားချိုးယူပြီး ဘုရားပန်းအဖြစ်လည်းကောင်းအမျိုးမျိုးရောင်းချကြပြီး အညွှန့်ချိုးယူရောင်းချသူများအနေဖြင့် လက်ဆုပ်စည်းတစ်စည်းလျှင် ငွေကျပ်(၅၀၀)ကျပ်ဖြင့်ရောင်းချလျက်ရှိရာ နေ့စဉ်ဝင်ငွေရရှိသဖြင့် သပြေပန်းစိုက်ပျိုးရောင်းချသူမိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

သပြေပန်းစိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာလေဝင်လေထွက်ကောင်းမွန်စေရန်နှင့် လိုအပ်သလို ရေသွင်းရေထုတ်ပြုလုပ်နိုင်ရန်အတွက် တစ်ပင်နှင့်တစ်ပင်(၅)ပေ၊ တစ်တန်းနှင့်တစ်တန်း (၅)ပေအကွာစိုက်ပျိုးခြင်းဖြင့် အပင်များအကိုင်းအခတ် ဖြာထွက်မှုကောင်းမွန်ပြီး အရောင်အသွေးကောင်းမွန်၍ရောင်းချရာတွင်လည်း ဝယ်ယူသူပိုမိုမျာပြားကြောင်း သပြေပန်းအပင် (၁၀၀)အား မိမိခြံ၀င်းအတွင်း အာဆီယံသပြေစိုက်ပျိုးရောင်းချနေသူဒေါ်မင်းမင်းနွယ်ထံကသိရပြီး သပြေပန်းစိုက်ပျိုးရောင်းချသူများအနေဖြင့် မိသားစုတစ်နိုင်တစ်ပိုင်စိုက်ပျိုးနိုင်ခြင်းဖြင့် ကုန်ကျစရိတ်နည်းပါးပြီးရောင်းချရာတွင် နေ့စဉ်ချိုးယူရောင်းချရသောကြောင့် နေ့စဉ်ဝင်ငွေရသဖြင့် စိုက်ပျိုးသင့်သော အပင်တစ်မျိုးဖြစ်ကြောင်း သိရှိရသည်။

ဝင်းဝင်းသန်း(စဉ့်ကိုင်)