မလှိုင် စက်တင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းဝေးကို စက်တင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မြို့နယ်ပြည်သူ့ဆေးရုံကြီးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ကို အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူများအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှလူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စီမံချက်များချမှတ် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆရာကြီး/ဆရာမကြီးများအနေဖြင့် ဆေးထိုးရန်လူမကျန်ရှိစေရေးအလေးထား ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းသည် ကုသခြင်းထက်အကျိုးကျေးဇူးများသဖြင့် အားလုံးထိုးနှံသွားရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန့်ဇင်လတ်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ကျောင်းအခြေပြုနှင့်ပြည်သူလူထုအခြေပြုပုံစံဖြင့် ထိုးနှံသွားမည်ဖြစ်ကြောင်း၊ ကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ရပ်ရွာတိုင်းရောက်ရှိပြီး ကာကွယ်ဆေးထိုးနှံနိုင်မှု လွှမ်းခြုံမှုရှိစေရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့အပြင် သားအိမ်ခေါင်း ကင်ဆာရောဂါဖြစ်ပွားမှုအခြေအနေနှင့် သတ်မှတ်ထားသည့်အသက်အပိုင်းခြားကို အလေးထားဆောင်ရွက်ပေးရန် ရှင်းလင်းမှာကြားခဲ့သည်။ မလှိုင်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း(၁၉၁)ကျောင်းရှိ အသက်(၉)နှစ်ပြည့်ပြီး အသက်(၁၂)နှစ်မကျော်သော ကျောင်းသူ(၃၅၁၄)ဦးအား ကျောင်းအခြေပြုသားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HVP)ထိုးနှံခြင်းကို စက်တင်ဘာ(၁၈)ရက်နေ့မှစတင်၍ စက်တင်ဘာ(၂၉)ရက်နေ့တွင်အပြီး ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ကမစအဖွဲ့ခေါင်းဆောင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များစုစုပေါင်းအင်အား(၄၅)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။
အောင်ဌေး (မလှိုင်)