ရွှေကူ စက်တင်ဘာ ၁၇
လူငယ်များအသိပညာဗဟုသုတပြည့်စုံပြီး ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနသို့ပူးပေါင်း၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်၊ အမှတ်(၁)ရပ်ကွက်(ခုံခမ်း)အခြေခံပညာအလယ်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ(ခုံခမ်း)အခြေခံပညာအလယ်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်စုချစ်စန္ဒီချိုက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်ပပသိန်းက လူတစ်ဦးတစ်ယောက်တွင် ကိုယ်ခံအားများကောင်းနေပါက မိမိကိုယ်တွင်းသို့ ပြင်ပမှမည်သည့်ရောဂါအန္တရာယ်မျှ မဝင်နိုင်မှာဖြစ်ပြီး ဝင်ရောက်လာမည့် ရန်စွယ်အန္တရာယ်မှန်သမျှကိုလည်း အောင်မြင်စွာတွန်းလှန်နိုင်မည်ဖြစ်ကြောင်း၊ ထိုနည်းတူပင် မိမိတို့နိုင်ငံရှိ လူငယ်၊ လူရွယ်၊ လူလတ်၊ လူကြီးအားလုံးသည်လည်း ကိုယ်ခံအားများနှင့်တူသော ဗလငါးတန် ပြည့်စုံနေလျှင် ပြည်တွင်း၊ ပြည်ပအနှောင့်အယှက် အဟန့်အတားများကို အောင်မြင်စွာ ကျော်လွှားနိုင်ပြီး ရှေ့သို့တည်ကြည်စွာဖြင့် ချီတက်နေနိုင်မည်ဖြစ်ကြောင်း ထို့ကြောင့် ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လိုက်နာကျင့်သုံးရမည့်အရာများကို လိုက်နာကျင့်သုံး၍ရှောင်ကြဉ်ရမည့် အကြောင်းအရာများကို ရှောင်ကြဉ်ခြင်းဖြင့် ကြိုးစားလေ့လာ လေ့ကျင့်ဖော်ဆောင်ပြီး ဗလငါးတန်ပြည့်စုံစေရန် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့သည်။
ဟောပြောပွဲသို့ အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၃၅၀)ဦးကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်၊ပြန်/ဆက်