ချောင်းဆုံမြို့နယ်တွင် ဘက်စုံထူးချွန်သည့် လူငယ်များ ပေါ်ထွန်းစေရေး “လူငယ်စကားဝိုင်း” ကျင်းပ

ချောင်းဆုံ စက်တင်ဘာ ၁၇

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့က ကညှော် (အ.ထ.က) ကျောင်း ပညာရတနာခန်းမ၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မိသူဇာ က  ကျောင်းသား လူငယ်များ ထူးချွန်ထက်မြက်ပြီး လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်၊ အစုအဖွဲ့ဖြင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေးတတ် သူများ ဖြစ်လာစေရန်အတွက် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ကျင်းပရာ မြို့နယ်(ပြန်/ဆက်)ဦးစီးအရာရှိ ဒေါ်မိသူဇာနှင့် (အား/ကာ) အကြီးတန်းစာရေး ဒေါ်သီသီအေးတို့မှ ဦးဆောင်ဆွေးနွေးသူများအဖြင့် ဆောင်ရွက်ကာ လူငယ်နှင့် ပညာရေး၊ လူငယ်နှင့် ယဉ်ကျေးမှုတန်ဖိုး၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် စာဖတ်ခြင်း အကျိုးကျေးဇူးနှင့် လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး စသည့် ခေါင်းစဉ်များ ဆွေးနွေးခဲ့ကြပြီး တက်ရောက်ကြသည့် ကျောင်းသား/ သူများမှ သိရှိလိုသည်များ ကိုမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခြင်းနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသခဲ့ကြောင်း သိရ သည်။

ထူးအိမ်(ပြန်/ဆက်)