ညောင်ဦးမြို့နယ်တွင် Facility Quarantine ထားရန်ပြင်ဆင်ထားသည့်ကျောင်းများ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် နေရာပြောင်းရွှေ့ဖွင့်လှစ်

ညောင်ဦး၊ အောက်တိုဘာ  ၁၉

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ အခြေခံပညာကျောင်းများတွင်မဲရုံများ အဆင်ပြေချောမွေ့စွာ ဖွင့်လှစ်နိုင်ရေးအတွက် ရပ်ကွက်ကျေးရွာစာသင်ကျောင်းများတွင် ဖွင့်လှစ်ထားရှိခဲ့သော Facility Quarantine Centre များတွင် အသစ်ထပ်မံဝင်ရောက်လာသော နေရပ်ပြန်များအားထားရှိခြင်းမရှိတော့ဘဲ မြို့ပေါ်တွင်စုစည်းထားရှိနိုင်ရေးအတွက် Facility Quarantine Centre အသစ် ဖွင့်လှစ်နိုင်ရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ယမန်‌နေ့ နံနက် ၈ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့၊ မြေနဲလေးကျေးရွာအနီး ပုဂံမြန်မာစိတ်တိုင်းကျစားသောက်ဆိုင်ဝင်းအတွင်း အခန်းများ သန့်ရှင်းရေးနှင့် နေရာထိုင်ခင်းများပြင်ဆင်ခြင်းတို့အား ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် Facility Quarantine Centre ပြောင်းရွှေ့ဖွင့်လှစ်ထားရှိနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အဆင်ပြေချောမွေ့စွာကျင်းပနိုင်ရေးအတွက် Facility Quarantine Centre နေရာထိုင်ခင်းပြင်ဆင်ခြင်းတို့အား ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးထက်အောင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူတို့ဦးဆောင်သော သန္ဓေမီးသတ်ဝန်ထမ်းများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ပုဂံမြန်မာစားသောက်ဆိုင်ဝင်းအတွင်း စနစ်တကျနေရာချထားနိုင်ရေး ပြင်ဆင်ဆောင်ရွက်ကြရာ တစ်ယောက်လျှင် ခုတင်တစ်လုံးနှုန်းဖြင့် နှစ်ယောက်ခန်း ၈ ခန်းတွဲ၊ ရေမီးအိမ်သာပါ  ၁၆ ဦးဆံ့၊ တစ်ခန်းလျှင် ၂ ဦးနှုန်းဖြင့် ၁၃ ခန်းတွဲ၊ ရေ၊ မီး ၊ အိမ်သာ၊ အဲကွန်းခန်းပါ ၂၆ ဦးဆံ့ တစ်ဆောင်၊ ၈၀ ပေပတ်လည် ၂၄ ယောက်ဆံ့ Hall Room  တစ်လုံး၊ စုစုပေါင်း ၆၆ ဦးစာ ကြိုတင်ပြင်ဆင်ထားရှိခြင်းတို့အား အင်အား ၃၀ ဦးတို့ဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားပေးကြောင်း ညောင်ဦးမြို့နယ် ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။

ကိုထိန်၊KPD