ကျောက်ဆည်ခရိုင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်ဆည် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်နှင့်ဆု‌ချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက ကျောက်ဆည်တက္ကသိုလ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်သူက ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် “ရာသီဥတုပြောင်းလဲမှုလျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ပေး” ဆောင်ပုဒ်နှင့်အညီ အိုဇုန်းလွှာပျက်စီးစေသော ဓာတ်ပစ္စည်းများနေရာတွင် အစားထိုးအသုံးပြုသော ကမ္ဘာ့ပူနွေးမှုမြင့်မားစေသည့် အအေးပေးဓာတ်ပစ္စည်းများ အသုံးပြုမှုလျှော့ချသုံးစွဲရေး အမှာစကားပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ နေပြည်တော်မူဝါဒနှင့် ဥပဒေရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမော်မော်ကိုက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံနှင့် အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ရေးအတွက် မြန်မာနိုင်ငံ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်နှင့် UNEP အမှုဆောင်ညွှန်ကြားရေးမှူးတို့၏ သဝဏ်လွှာနှင့် ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အသိပညာပေးဗွီဒီယိုအား ပြသခဲ့ပြီး ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အထူးဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးအောင်သူ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးငွေဒိုးနှင့်တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

သက်မောင်၊ ကျောက်ဆည်