ကျောက်တလုံးကြီးမြို့တွင် အမျိုးသမီးများအတွက် ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကျင်းပ

ကျောက်တလုံးကြီး စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ရှမ်းပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေး ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းအပေါ် အမျိုးသမီးများ အတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းတွင်ပါရှိသည့် Bakery & Snack အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲကို ကက္ကူကျေးရွာ၊ ရွာလယ်ဓမ္မာရုံတွင် စက်တင်ဘာလ ၂၅ ရက်နေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေ တိုးရေးစီမံကိန်းလုပ်ငန်း၊ ပြည်နယ်အဆင့် စီမံကိန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရ အဖွဲ့၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် တင်ကိုကိုက အဖွင့်အမှာစကားပြောကြားရာတွင် ယခုဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများကို ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု ဖော်ဆောင် ပေးခြင်းဖြင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ ပေါ်ထွန်းလာစေရန်၊ ခေတ်မီစံပြ ကျေးရွာများရှိ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ အမျိုးသမီးများနှင့် လူငယ်များအား အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေး ခြင်းဖြင့် ပြည်သူများ ဝင်ငွေတိုးပွားစေရန်၊ ဘေးဒဏ်သင့် ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းများ ပြန်လည်ထူထောင်ပေးနိုင်စေရန်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုနည်းပညာများ ပံ့ပိုးပေးခြင်းဖြင့်၊ ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ ဘိန်းအစားထိုး ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ပေးခြင်းအားဖြင့် ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်စေပြီး ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန်နှင့် အသိပညာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ရခြင်းဖြစ်ပါ ကြောင်း၊ ထို့အပြင် စီမံကိန်းလုပ်ငန်း (၁)ခုလျှင် လုပ်ငန်းရှင်(၅)ဦး ပေါ်ထွက်လာစေရေး ဦးတည် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကျေးရွာပေါင်း (၁၅၅)ရွာတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည့်အတွက် အသေးစား စက်မှုလက်မှုလုပ်ငန်းပေါင်း (၇၇၅)ခု ပေါ်ပေါက်လာမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာပေါင်း(၃၂)ရွာတွင် စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်၍ လုပ်ငန်းပေါင်း(၁၆၀) ပေါ်ထွက်လာ မည်ဖြစ်ပါကြောင်း၊ ယနေ့ ဖွင့်လှစ်သော သင်တန်းကို ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးလုပ်ငန်းခေါင်းစဉ်ဖြင့် ကက္ကူ ကျေးရွာအုပ်စုရှိ ဒေသခံများ တစ်နိုင်တစ်ပိုင်လုပ်ငန်းများ ပေါ်ထွက်လာပြီး ဝင်ငွေတိုးတက်ရရှိစေရန် ဖြစ်ပါကြောင်း၊ သင်တန်းကို စာတွေ့၊ လက်တွေ့ဖြင့် အမှန်တကယ်တတ်မြောက်အောင် သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းသားများအနေဖြင့် အမှန်တကယ် တတ်မြောက်သည်အထိ သင်ယူရန်နှင့် လုပ်ငန်းထူထောင်လုပ်ကိုင်လိုသော ထူးချွန်သင်တန်းသူများကို စိစစ်ရွေးချယ်ပြီး လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်၍ စီးပွားရေး လုပ်ငန်းရှင်များ ပေါ်ထွက်လာစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးနိုင်ထူးက သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်း အတွက် ထောက်ပံ့ငွေများပေးအပ်ရာ ရှမ်းပြည်နယ်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက လက်ခံရယူသည်။

အဆိုပါ Bakery & Snack အမျိုးမျိုးထုတ်လုပ်မှုအခြေခံသင်တန်းတွင် ဒေသခံသင်တန်းသူ ၁၀ ဦးအား ဩဂုတ်လ ၁၅ ရက်မှ ၂၁ ရက်နေ့အထိ (၇)ရက် သင်တန်းဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ပြီး အဆင့်မြင့် မွမ်းမံသင်တန်းကို စက်တင်ဘာလ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချပေး မည်ဖြစ်ကြောင်းနှင့် ထူးချွန်သင်တန်းသူ(၅)ဦးကို သင်တန်းနည်းပြနှင့် စီမံကိန်းအကောင်အထည်ဖော်ရေးကော်မတီတို့က စိစစ်ရွေးချယ်၍ လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း