လားရှိုး စက်တင်ဘာ ၁၇
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က လားရှိုးမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပသည်။
ရှေးဦးစွာ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြ မြန်မာစာဆရာ ဦးဟိန်းမင်းစိုးက အဖွင့်အမှာစကား ပြောကြားပြီး၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် ဒေါ်ခင်သန်းနွဲ့ (မမ-လားရှိုး) က ကျောင်းသားကျောင်းသူများ အသိပညာရရှိစေရေးအတွက် လူငယ်များနှင့်ပတ်သက်သည့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ဟောပြောသည်။
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီး လူငယ်စကားဝိုင်းကိုကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးစိုင်းထွန်းနေလှိုင်က ဆောင်ရွက်သည်။
လူငယ်စကားဝိုင်းတွင် Grade-11 မှ မောင်အိုက်ခမ်းလှက “လူငယ်နှင့်မူးယစ်ဆေး”၊ Grade-11 မှ မောင်ကောင်းမြတ်စံက “လူငယ်နှင့်ပညာရေး”၊ Grade-11 မှ မောင်နေထက်လင်းက “လူငယ်နှင့်အားကစား”၊ Grade-11 မှ မောင်ညိုခန့်မောင်က “လူငယ်နှင့်ကျန်းမာရေး”၊ Grade-12 မှ မောင်ရန်အောင်က “လူငယ်နှင့်နည်းပညာ”၊ Grade-11 မှ မောင်မြတ်ထွန်းဦးက “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ဆွေးနွေးကြသည့် ကျောင်းသားများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုင်းထွန်း (လားရှိုး)