မိုင်းငေါ့ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ရုံးခန်းတွင် လူကုန်ကူးမှုတာဆီး ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ ကြောင်း သိရသည်။
အသိပညာပေး ဟောပြောပွဲတွင် မိုင်းငေါ့မြို့ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးမင်းသိုက်ထွန်းနှင့် အ.ထ.က ကျောင်းအုပ်ဆရာကြီး ဦးမန်းစိန်တို့က အမှာစကားများ ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ် က ဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုလည်းကောင်း၊ မိုင်းငေါ့နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် ဟန်သက်အောင်က လူကုန်ကူးမှုနှင့် ပတ်သက်သော အကြောင်းအရာများ၊ လူကုန်ကူးမှု၊ လူမှောင်ခိုမှု၊ ရွှေ့ပြောင်းသွားလာမှုတို့၏ အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ လူကုန်ကူးရောင်းဝယ်မှုအခြေအနေများ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများက မိမိတို့သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန် ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်းနှင့် ဟောပြောပွဲသို့ မိုင်းငေါ့မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)