တွံတေး စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ် စကားဝိုင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ဘုရားကြီးကျေးရွာအုပ်စု၊ ဘုရားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ဘုရားကြီး) စံပါယ်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခြေခံပညာ အထက်တန်းကျောင်း (ဘုရားကြီး) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဥမ္မာအောင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသက်ဦးက ကျောင်းသား၊ ကျောင်းသူများ လူငယ်စကားဝိုင်းမှ အသိ ဉာဏ်ပညာ၊ ဗဟုသုတများ ပိုမိုရရှိစေရေး၊ စကားပြော အတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လိမ္မာပါးနပ်စွာ ပြောဆိုဆက်ဆံတတ်စေရေး၊ တစ်ဦးနှင့် တစ်ဦး အသိပညာ အတွေ့အကြုံ ဖလှယ်ဆွေးနွေးခြင်းဖြင့် အတွေ့အကြုံအသစ်များ ရရှိစေရေး၊ လူငယ်အချင်းချင်း ရင်းနှီးချစ်ခင်မှုများ တိုးပွား လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်း ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများနှင့် Moderator တို့မှ နေရာယူပြီး ဆွေးနွေးမည့် ကျောင်းသား၊ ကျောင်းသူများအား Moderator မှ ဦးဆောင် မိတ်ဆက် ပေးကာ Grade- 10A မှ မအင်ကြင်းခိုင်က လူငယ်နှင့် စာပေ၊ Grade-10B မှ မောင်မြင့်မြတ်ကျော်က လူငယ်နှင့် စာရိတ္တ၊ Grade- 11A မှ မောင်ဆန်းလင်းထွန်းက လူငယ်နှင့် ယဥ်ကျေးမှု၊ Grade- 11A မှ မယွန်းမီမီထွန်းက လူငယ်နှင့် ကျန်းမာရေး ခေါင်းစဥ်များဖြင့် ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်များ မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေးသူ များက ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး အ.ထ.က (ဘုရားကြီး) ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ဆွေးနွေးပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦး တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နံရံကပ်စာစောင်များ ပြသထားရာ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
တွံတေးသား