စမ်းချောင်း စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စမ်းချောင်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့၊ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စမ်းချောင်းမြို့နယ် ဒုတိယမြို့နယ်ပညာရေးမှူးဦးအောင်ကျော်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပါသည်။
ဆက်လက်၍ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ချိုသစ်က လူငယ်နှင့်ပညာရေး၊ စမ်းချောင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်ဖြူသွယ်ထွန်းက လူငယ်နှင့်စာပေ၊ စာရေးဆရာမသင်းလဲ့လဲ့ထွန်းက မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်များဖြင့် အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ကျောင်းသားကျောင်းသူများ စုစုပေါင်း(၃၀ဝ)ဦးခန့်တက်ရောက်ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် သုတရသစာအုပ်များကို တက်ရောက်လာကြသည့် ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း(ပြန်/ဆက်)