မိုးညှင်း စက်တင်ဘာ ၁၇
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် ၂၀၂၃ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်နှင့် ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီခွဲက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်ပညာရေးမှူးဒေါ်သန်းသန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးသန်းနိုင်ဝင်းက ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် “အိုဇုန်းလွှာအကြောင်းသိကောင်းစရာ”ခေါင်းစဉ်ဖြင့် ကျောင်းသားကျောင်းသူများအား သိရှိနားလည်နိုင်စေရန်အတွက် ပါဝါပွိုင့်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ စက်တင်ဘာလ(၁၂)ရက်တွင်ကျင်းပခဲ့သော မိုးညှင်းမြို့နယ်အတွင်း အခြေခံပညာအလယ်တန်းနှင့်အထက်တန်းကျောင်းများမှ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၇၀)ဦးမှ ဆုများရရှိခဲ့ကြသော ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများနှင့် ဆုရရှိသူများအား စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသားကျောင်းသူများအား လက်ဝယ်အရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရွှေမိုးညှင်း